Saturday, December 20, 2025

တောင်ကြီးမှာ မြို့နယ် အခွန်ဦးစီးမှူး အလွန်အကျွံလာဘ်စားမှုကြောင့် အိမ်ခြံမြေရောင်းဝယ်သူတွေ အခက်ကြုံ




Public Myanmar News, December 20, 2025.




ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ မြို့နယ်အခွန်ဦးစီးဌာနမှူး ငွေကြေးအလွန်အကျွံလာဘ်စားမှုတွေကြောင့် အိမ်ခြံမြေရောင်းဝယ်လုပ်ကိုင်နေရတဲ့ ဒေသခံတွေအတွက်အခက်အခဲတွေကြုံတွေ့နေကြရပါတယ်။


တောင်ကြီးမြို့နယ်အခွန်ဦးစီးဌာနမှူးဖြစ်တဲ့ဆန်းမြင့်ဦးဆိုသူဟာ စစ်ကော်မရှင်ကနေသတ်မှတ်ထားတဲ့အခွန်နှုန်းထားတွေထက်အဆမတန်တောင်းဆိုတာအပြင် ချလန်ဖြတ်ပေးရတဲ့ ငွေကြေးပမာဏထက်ပိုမိုပေးဆောင်နေရတယ်လို့ တောင်ကြီးမြို့ခံအိမ်ခြံမြေရောင်းဝယ်သူတွေက လူထုမြန်မာကိုပြောပါတယ်။


“ သတ်မှတ်ထားတဲ့အခွန်ပမာဏထက်ကိုပိုကောက်နေတာ၊ ပြောင်းလာတာ လပိုင်းပဲရှိသေးတယ်။ ဥပမာ ငွေကျပ်သိန်း ၁၅၀ တန်တဲ့ရွာခြံမြေတစ်ခုကို သူ့ဆီအခွန်သွားဆောင်ရင် သိန်း ၅၀ မရမကတောင်းတာ၊ အမှန်တကယ်က ၁၀ရာခိုင်နှုန်း ၁ သိန်းခွဲပဲဆောင်ရမယ်၊ချလန်မှာက အဲ့လောက်ပဲပြထားတာ၊  သူ့ဘာသာစိတ်မှန်းပြီးအတင်းတောင်းနေတာ‘’လို့ တောင်ကြီးမြို့ခံအိမ်ခြံမြေရောင်းဝယ်သူတစ်ဦးကပြောပါတယ်။






 တောင်ကြီးမြို့နယ်အနေနဲ့ နယ်မြေတည်ငြိမ်တယ့်အနေအထားတွေကြောင့် အိမ်ခြံမြေအရောင်းအဝယ်များလာနေသလို မြို့နယ်၊ခရိုင်၊ပြည်နယ်အဆင့် အခွန်ဌာနတွေဟာ အခွန်ရာဖြတ်နှုန်းတွေမမှန်မကန်တွက်ချက်ယူတာ၊ နှုတ်အားဖြင့် အခွန်နှုန်းသတ်မှတ်ခဲ့ရာမှာ ငွေကြေးပမာဏအနေဖြင့် ငွေကျပ် သိန်း ၅၀ ကနေ သိန်းတစ်ထောင်ကျော်အထိပေးနေရတယ်လို့ မြို့ခံတွေကဆိုပါတယ်။


 


အဲဒီငွေကြေးလာဘ်ယူပြုလုပ်နေမှုတွေဟာ အခွန်ရာဖြတ်နှုန်းအတိုင်း စစ်ကော်မရှင်ထံအခွန်ဆောင်ပေးတာမရှိသလို သူတို့ကိုယ်ကျိုးအတွက်အလွဲသုံးစားပြုလုပ်နေပြီး ငွေကြေးမပေးဆောင်နိုင်တဲ့သူတွေကိုလည်းနာမည်ပြောင်းလုပ်ဆောင်ဖို့ငြင်းဆိုခံနေကြရတယ်လို့ မြို့ခံဥပဒေအကျိုးဆောင်ရှေ့နေတွေကပြောပါတယ်။


“ အထက်(စစ်ကော်မရှင်)ကိုလည်းအခွန်မဆောင်ပေးဘူး၊ သူတို့တောင်းတဲ့ငွေကြေးမရရင်မလုပ်ပေးဘူးဆိုတဲ့သဘောပေါ့၊ နာမည်ပြောင်းချင်တဲ့မြို့ခံတွေမြေအရောင်းအဝယ်လုပ်တဲ့သူတွေဆိုရင်ငွေမပေးနိုင်ရင်မလုပ်ရဘူးသဘောဖြစ်နေပြီ၊ လုပ်ပိုင်ခွင့်အပေါ်ငွေကြေးအလွဲသုံးစားလုပ်နေကြတာ မြို့နယ်အခွန်ဦးစီးမှူးအသစ်ကပိုဆိုးတယ်”လို့ မြို့ခံရှေ့နေတစ်ဦးကပြောပါတယ်။

 


ငွေကြေးလာဘ်ပေးလာဘ်ယူအလွဲသုံးစားလုပ်နေတဲ့အပေါ်စစ်ကော်မရှင်လက်အောက်ခံ ပြည်နယ်အခွန်ဦးစီးဌာနဲ့ နေပြည်တော်ရှိအခွန်ဦးစီးဌာနရုံးချုပ်ထံ တိုင်တန်းမှုတွေပြုလုပ်ခဲ့သော်လည်း ရက်ပိုင်းအတွင်းပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲကြောင့် အကြောင်းအမျိုးမျိုးပြကာ ငြင်းပယ်ခံနေရတယ်လို့ မြို့ခံတွေကပြောဆိုထားပါတယ်။


Edit  – Public Myanmar News

#တောင်ကြီး

#မြို့နယ်အခွန်ဦးစီးမှူး

 #အလွန်အကျွံလာဘ်စား 

#PublicMyanmarNews

No comments:

Post a Comment

Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

Scania Marcopolo City Bus Resumes Service on Sule-Dala Route After 5-Year Halt (၅) နှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကား ဆူးလေ - ဒလ လိုင်းတွင် ပြန်လည်ပြေးဆွဲ

Public Myanmar News- လူထုမြန်မာ,August 2nd, 2026 Reported by Ko Saw, A Scania Marcopolo Low Entry Bus officially resumed operations on the S...